“အိန္ဒိယက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံးအာကာသယာဉ်မှူးကို နိုင်ငံတကာအာကာသစခန်းသို့ စေလွှတ်”
26 Jun
အိန္ဒိယနိုင်ငံက နှစ်ပေါင်း ၄၁ နှစ်အတွင်း ပထမဆုံးသော အာကာသယာဉ်မှူးကို နိုင်ငံတကာ အာကာသ စခန်းသို့ စေလွှတ်လိုက်ကြောင်း သိရသည်။ အိန္ဒိယအာကာသယာဉ်မှူး ရှူဟန်ရှူရှူကလာ အပါအဝင် နိုင်ငံ ပေါင်းစုံမှ အာကာသယာဉ်မှူးလေးဦးသည် Axiom Mission 4 (Ax-4) အမည်ရှိမစ်ရှင်ဖြင့် နိုင်ငံတကာ အာကာသ စခန်းသို့ ဇွန်လ ၂၅ ရက်တွင် ထွက်ခွာသွားခြင်း ဖြစ်သည်။ အဆိုပါမစ်ရှင်ကို ဟူစတန်မြို့မှ ပုဂ္ဂလိကကုမ္ပဏီ ဖြစ်သော Axiom Space က NASA၊ အိန္ဒိယအာကာသအေဂျင်စီ၊ ဥရောပအာကာသအေဂျင်စီ၊ SpaceX ကုမ္ပဏီတို့ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ရှူဟန်ရှူရှူကလာနှင့်အတူ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့မှ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားကာ အိန္ဒိယနိုင်ငံနည်းတူ အဆိုပါနိုင်ငံများသည်လည်း ဆယ်စုနှစ်လေးခုကျော်ကြာပြီးနောက် အာကာသယာဉ်မှူးများ ကို ပထမဆုံးအကြိမ် စေလွှတ်ခြင်း ဖြစ်သည်။ ယခုအာကာသခရီးစဉ်သည် ရှူကလာ အတွက် ပထမဆုံး ဖြစ်သည့် အပြင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော လူပါအာကာသအစီအစဉ်အတွက် အစဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါမစ်ရှင်အရ လိုက်ပါသွားသောအာကာသယာဉ်မှူးများသည် နိုင်ငံတကာအာကာသစခန်းတွင် ၁၄ ရက်ကြာ နေထိုင်ကာ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သုတေသနပေါင်း ၆၀ ကျော်ကိုလေ့လာမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။