“အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးအလားအလာမှာ အလွန်ကောင်းမွန်ဟု ထရမ့်ပြောကြား”

26 Jun

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အစ္စရေးနှင့်အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးအလားအလာမှာ အလွန်ကောင်းမွန်ကြောင်း ပြောကြားလိုက်သည်။ နယ်သာလန်နိုင်ငံ၊ သယ်လ်ဟိတ်မြို့တွင် နေတိုးထိပ်သီး အစည်းအဝေးတက်ရောက်နေသည့် သမ္မတ ထရမ့် က ဇွန်လ ၂၅ ရက်တွင် သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အီရန်နျူကလီးယားနေရာများကို အမေရိကန် က လေကြောင်းမှ တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ မီဒီယာများက သမ္မတ ထရမ့် ကို မေးမြန်းခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှု က အီရန်၏ ပင်မ နျူကလီးယားအစီအစဉ်ကို မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ နျူကလီးယားဖော်ဆောင်မှုကို လအနည်းငယ်လောက်သာ နှောင့်နှေးကြန့်ကြာနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီ၏ သုံးသပ် ချက် အရ သိရသည်။ အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်၏နျူကလီးယားအစီအစဉ် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ထရမ့် က ပြန်လည်ချေပပြောကြားခဲ့သည်။ အီရန်၏နျူကလီးယားအစီအစဉ်မှာ ဆယ်စုနှစ်များစွာ နှောင့်နှေးကြန့်ကြာ သွားပြီဖြစ်ကြောင်း မစ္စတာထရမ့်က ပြောသည်။ ထို့အပြင် ထရမ့် က အဆိုပါတိုက်ခိုက်မှု က စစ်ပွဲကို အဆုံးသတ် စေခဲ့ကြောင်း၊ ဟီရိုရှီးမားနှင့်နာဂါဆာကီတို့ကို ဥပမာအနေဖြင့် မသုံးလိုသော်လည်း တိုက်ခိုက်မှု က ပဋိပက္ခ ဖြစ်ပွားမှုကို တစ်ကြိမ်တည်း အဆုံးသတ်စေနိုင်သည့် အကျိုးသက်ရောက်မှုမျိုးရရှိခဲ့ကြောင်း ထပ်လောင်း ပြောကြားသည်။ အစ္စရေးနှင့်အီရန် နှစ်နိုင်ငံကြားပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ပတ်သက်၍ တူညီမှုရရှိခဲ့ကြောင်း ထရမ့် က ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Jun

ADVERTISE HERE .