"ပြတ်တောက်လက်ဖဝါး ပြန်ဆက်တဲ့ ခွဲစိတ်မှုအောင်မြင်"

26 Jun

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြတ်တောက်သွားတဲ့လက်ဖဝါးကို ပြန်ဆက်ပေးတဲ့ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဘားအံမြို့မှာနေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မေလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်က ဓားခုတ်ခံရတာကြောင့် ဘယ်ဖက်လက်ဖဝါးပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဘားအံမြို့ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံယူပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညနေ ၆ နာရီ ၁၅ မိနစ်မှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်လူနာဌာနမှာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီး ပြတ်တောက်သွားတဲ့ လက်ဖဝါးကို ပြန်ဆက်ဖို့ ခွဲစိတ်ကုသမှုကို မေလ ၂၄ ရက် ည ၁၀ နာရီခွဲအချိန်မှာ စတင် ဆောင်ရွက်ခဲ့ရာ မေလ ၂၅ ရက် မနက် ၅ နာရီခွဲမှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်ကုသထားတဲ့ လက်ရဲ့သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် ဇွန်လ ၁၁ ရက်မှာ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာမှာလည်း လက်အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။ အခုလို လက်ပြတ်တောက်သွားတဲ့ လူနာကဲသို့ ပြတ်တောက်သွားသည့်လက်အား ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့အတွက် ပြည်သူ့ ဆေးရုံကြီးတွေကို လွှဲပြောင်းပေးပို့မယ်ဆိုရင် ပြတ်တောက်သွားတဲ့လက်ကို ရေသန့်သန့် ဒါမှမဟုတ် အကြော ဆေးရည်နဲ့ ဆေးပြီးနောက်အကြောဆေးရည်နဲ့ စိုစွတ်အောင်စိမ်ထားတဲ့ ခွဲစိတ်ခန်းသုံးအဝတ်စနဲ့ပတ်ပြီး သန့်ရှင်းတဲ့ ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းအနေနဲ့ အကြောဆေးရည်ထည့်ထား တဲ့ သန့်ရှင်းသော ပလတ်စတစ်အိတ် ဒါမှမဟုတ် ဘူးထဲထည့်ပြီး လုံခြုံစွာပိတ်ကာ ရေခဲပုံးအတွင်းထည့်ပြီး အမြန်ဆုံး လွှဲပြောင်းပေးပို့နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၂ ခုနှစ်တုန်းက လက်ဖျံပြန်ဆက်တဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်မှာ လက်မောင်းပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦီး၊ ၂၀၂၄ ခုနှစ်မှာ လက်မ ပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးနဲ့ ၂၀၂၅ ခုနှစ် အခုအချိန်အထိ လက်ဖဝါးပြန်ဆက်တဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

26 Jun

ADVERTISE HERE .