"လူကုန်ကူးမှုများအား ယခင်ထက် တိုးမြှင့်ဖော်ထုတ် အရေးယူနိုင်ခဲ့"

26 Jun

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၅ လကျော်ကာလအတွင်း လူကုန်ကူးမှု အမှုပေါင်း ၈၀ အရေးယူနိုင်ခဲ့ပြီး ယခင်နှစ်ကထက် လူကုန်ကူးမှုတွေကို တိုးမြှင့်ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ဇွန်လ ၂၄ ရက် နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်၊၊ ၂၀၂၄ ခုနှစ်အတွင်း လူကုန်ကူးမှုအနေနဲ့ ၅၃ မှုကို အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ၃၄ မှု၊ လာအိုနိုင်ငံမှ ၁ မှု၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁ မှုနဲ့ ပြည်တွင်း ၁၇ မှု ဖြစ်ပွားခဲ့တယ်လို့ ဒုတိယဝန်ကြီး က ပြောကြားခဲ့ပါတယ်၊၊ အခုလိုဖြစ်ပွားခဲ့တဲ့ အမှုအမျိုးအစားတွေကတော့ အဓမ္မလက်ထပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မပြုလုပ် စေခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ကိုယ်ဝန်အငှားဆောင်စေခြင်းအပြင် အခြားနည်းလမ်းတွေနဲ့ ကာမဆိုင်ရာကိစ္စ အဓမ္မပြုလုပ်စေခြင်းတို့ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ၂၁၈ မှုနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၂၀ ရက်အထိ ၄၂ မှုတို့ကို အရေးယူဆောင်ရွက်ခဲ့သလို အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားဖို့လိုပြီး နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကနေ တရားမဝင် သွားရောက်မယ့်သူတွေကို တားဆီးအသိပညာဆောင်ရွက်ကာ နေရပ်ဒေသကို ပြန်လည်စေလွှတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊(NVS 003)

26 Jun

ADVERTISE HERE .