"သဲကန္တာရနှင့် မိုးခေါင်ရေရှားမှု မဖြစ်စေရန် ဆောင်ရွက်နေ"
26 Jun
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသဟာ သဲကန္တာရဖြစ်ထွန်းမှု အလားအလာရှိတဲ့အထဲမှာ ပါဝင်တယ်လို့ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCCD)က ထုတ်ပြန်တဲ့အစီရင်ခံစာတွေအရ သိရပါတယ်။ ဒါကြောင့် သဲကန္တာရနဲ့မိုးခေါင်ရေရှားမှုတွေ မဖြစ်စေဖို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ စိမ်းလန်းစိုပြေစေရေးအတွက် အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စိမ်းလန်းစိုပြေရေးအတွက် မြေယာပြန်လည်ပြုပြင်တာတွေနဲ့ တောတောင်ရေမြေ ပြန်လည်စိမ်းလန်းအောင် လုပ်ဆောင်ပေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဘကောင်းက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စတဲ့အလယ်ပိုင်းဒေသတွေဟာ အမြင့်ဆုံးအပူချိန်စံချိန်သစ် ဖြစ်ပေါ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ သစ်နဲ့ထင်း အလွန်အကျွံထုတ်ယူခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်တာ တမံတွေ တည်ဆောက်ခြင်း၊ မြို့ရွာတွေ တိုးချဲ့တည်ထောင်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကြောင့် အပူပိုင်းဒေသမှာ သစ်တောပြုန်းတီးတာနဲ့ မြေဆီလွှာပျက်စီးတာတွေဖြစ်ပေါ်ပြီး အပူပိုင်းဂေဟစနစ်ပျက်စီးကာ သဲကန္တာရဖြစ်ထွန်း လာနိုင်တယ်လို့ သိရပါတယ်။ (NVS 003)