“၁၂ ရက်ကြာစစ်ပွဲ အဆုံးသတ်လိုက်ကြောင်းနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်ပြီဟု အီရန်သမ္မတ ပြောကြား”

25 Jun

အစ္စရေးကစတင်ခဲ့သည့် ၁၂ ရက်ကြာ တိုက်ပွဲကို အီရန်ပြည်သူများ၏ ရဲရဲတောက်ခုခံတော်လှန်မှုဖြင့် အဆုံးသတ် လိုက်ကြောင်း အီရန်နိုင်ငံသမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ဇွန်လ ၂၄ ရက် အီရန်ပြည်သူများသို့ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ဌာနအသီးသီးကို ထိုနေ့မှစ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အာရုံစိုက်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ရန်သူက အီရန်နျူကလီးယားအဆောက်အဦများကို ဖျက်ဆီးရန် မဖြစ်နိုင်သည့်ကြိုးပမ်းမှု၊ လူမှုအသိုင်းအဝိုင်း မငြိမ်မသက်ဖြစ်စေသည့် အကြံအစည်သည် လုံးဝရှုံးနိမ့်ခဲ့ပြီး အစ္စရေး၏ အရေးကြီးအဆောက်အဦများသာ ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ ယင်းမှာ အီရန်ကိုပစ်မှတ်ထားသည့် အန္တရာယ်များသောလုပ်ရပ်သည် ကြီးမားသည့် ဆုံးရှုံး နစ်နာမှုကို ခံစားရမည်ဖြစ်သည်ကို ဖော်ပြကြောင်း မာဆော့ ပါဇက်ရှ်ကီရမ် က ပြောကြားခဲ့သည်ဟု အီရန်သမ္မတ အိမ်တော်က ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ သိရသည်။ ဒါ့အပြင် မာဆော့ ပါဇက်ရှ်ကီရမ် သည် ဇွန်လ ၂၄ ရက်တွင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် ဖြစ်သူ မိုဟာမက်ဘင်ဆယ်မန် တို့အား ဖုန်းဖြင့်ဆက်သွယ်ရာတွင် အီရန်အနေဖြင့် နိုင်ငံတကာမူဘောင်အတွင်းမှ အမေရိကန်နှင့် ပြဿနာကို ဖြေရှင်းရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးသည် အစ္စလာမ်မစ်နိုင်ငံများကြားတွင် မသင့်မြတ်မှုနှင့် ရန်လိုမှုများကို ဖန်တီးရန်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့သော် အီရန်ကမူ ဒေသတွင်း စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုမြှင့်တင်ရန် စူးစမ်းရှာဖွေလျက်ရှိပြီး ယင်းကို နိုင်ငံလျင်မြန်စွာ တိုးတက်မှု၏ အခြေခံအဖြစ် ရှုမြင်ကြောင်း ၎င်းက အလေးထားပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

25 Jun

ADVERTISE HERE .