“ရွှေတိဂုံစေတီတော်၌ ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကျင်းပမည်”
25 Jun
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့မှ သတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းကာလ အတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၂၀၂၅ ခုနှစ် ဝါတွင်းကာလအတွင်း ဇူလိုင်လ ၉ ရက်(၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား၊ ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့) မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)မှာ ဂရုဓမ္မအခါတော်နေ့အခမ်းအနား၊ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) မှာ သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)မှာ အဘိဓမ္မာ အခါတော်နေ့အခမ်းအနား စတဲ့ အခမ်းအနားများစွာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားများအပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့ အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေနဲ့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေနဲ့ ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရပါတယ်။ အလားတူ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်စစ်ရတနာ ကိန်းဝပ်တော်မူရာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာလည်း ဝါတွင်းကာလများမှာ အပတ်စဉ်ဥပုသ်နေ့များတွင် (၅၃) ကြိမ်မြောက်အဖြစ် တရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ (NVS 004)