“ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့်ရရှိရန် ရှယ်ယာတွေ ရောင်းထုတ်ခဲ့တဲ့ ပဲလေ့စ်အသင်း”
24 Jun
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျွန်တက်စ်တာ က သူ့ရဲ့ ရှယ်ယာတွေကို ရောင်းထုတ် လိုက်ပြီဖြစ်တာကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိပြီလို့ သိရပါတယ်။ ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ FA ဖလားရရှိခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျွန်တက်စ်တာ က ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရထားတဲ့ လိုင်ယွန်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တူ အသင်းနှစ်သင်း ပြိုင်ပွဲတစ်ခုတည်းမှာ ယှဉ်ပြိုင်ခွင့်မရှိတာကြောင့် ပဲလေ့စ်အသင်းအနေနဲ့ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးရမလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဂျွန်တက်စ်တာ က ပဲလေ့စ်အသင်းမှာရှိတဲ့ သူ့ရဲ့ ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို New York Jets အသင်းပိုင်ရှင် ဝူဒီဂျွန်ဆင် ကို ရောင်းထုတ်လိုက်တာကြောင့် ပဲလေ့စ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ (NVS 008)