“အမေရိကန်တွင် အီရန်နျူကလီးယားစက်ရုံများအား တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒ ဖော်ထုတ်ပွဲများဖြစ်ပွား”
24 Jun
အီရန်နျူကလီးယားစက်ရုံများအား အမေရိကန်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒ ဖော်ထုတ်ပွဲများကို နယူးယောက်၊ ဝါရှင်တန်ဒီစီနှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နယူးယောက် မြို့ရှိ တိုင်းစ်စကွဲတွင် အီရန်အပေါ် စစ်ဆင်နွှဲခြင်းမှ ရပ်တန့်ရန်နှင့် အီရန်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆန္ဒဖော်ထုတ်သူများက တောင်းဆိုခဲ့သည်။ အိမ်ဖြူတော်၏ပြင်ပနှင့် နိုင်ငံအတွင်းရှိ မြို့ ၁၅ မြို့တွင် အလားတူ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတထရမ့်၏ ကျိုးကြောင်းဆီလျော်မှုကင်းစွာ အီရန် နျူကလီးယားစက်ရုံများအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ နှင့်နိုင်ငံတကာဥပဒေအပါအဝင် အမေရိကန်နိုင်ငံ၏အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကာ ၎င်းတိုက်ခိုက်မှုမှ တစ်ဆင့် ဒေသတွင်းနှင့်ကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်သည်ဟု ဆန္ဒဖော်ထုတ်သူများက ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ပြောကြားသည်။ အမေရိကန်နှင့်အစ္စရေးတို့အနေဖြင့် အီရန်နိုင်ငံအား တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ရန် မိမိတို့ တောင်းဆို ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။ အီရန်အား စစ်ရေးအရ တိုက်ခိုက်ခြင်းကို ထရမ့်က ကွန်ဂရက်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၎င်းတိုက်ခိုက်မှုကြောင့် အီရန်၏ လက်တုံ့ပြန်မှုများကို ခံရနိုင် ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောကြားသည်။ အမေရိကန်နိုင်ငံသားများသည် နိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ရန်ပုံငွေများထောက်ပံ့ခြင်းကို လိုလား သော်လည်း ထရမ့်နှင့်အပေါင်းပါများသည် ကမ္ဘာတွင် စစ်ပွဲဖြစ်ပွားခြင်းကိုသာ လိုလားနေကြကြောင်းနှင့် ယခုပဋိပက္ခ ကို သံတမန်နည်းလမ်းဖြင့်အဖြေရှာခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူတစ်ဦး က ပြောကြား သည် ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။