“ရုရှားတပ်မတော်က ယူကရိန်းစစ်ဘက်အဆောက်အဦများကို အကြီးစားတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရထုတ်ပြန်”
24 Jun
ရုရှားတပ်မတော်သည် ယူကရိန်းစစ်ဘက်အဆောက်အဦများကို အကြီးစားတိုက်ခိုက်မှုလုပ်ဆောင်သည် ဟု ရုရှားအစိုးရအဖွဲ့က ဇွန်လ ၂၃ ရက်တွင်ထုတ် ပြန်ထားသည်။ ဇွန်လ ၂၂ ရက် ညသန်းခေါင်ယံတွင် လုပ်ဆောင်သည့် တိုက်ခိုက်မှုများ၌ တိကျမှုမြင့်မားသောလက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ယူကရိန်း စစ်ဘက်အဆောက်အအုံများတွင် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းများ၊ စစ်သုံးလေယာဉ်ကွင်းရှိ အဆောက်အအုံများ၊ ယူကရိန်းရေတပ်မှ မိုင်းခင်း-တော်ပီဒို လက်နက်တိုက်တို့ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် လေတပ်ဖွဲ့၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များနှင့် အမြောက်များက ယူကရိန်း၏ လက်နက်တိုက်များ၊ ဒရုန်းမောင်းသင်တန်းနေရာများနှင့် ယူကရိန်းနှင့်ပြည်ပမှကြေးစားစစ်သည်များ ယာယီအခြေပြု ရာ နေရာများကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ယူကရိန်းနိုင်ငံ ကိယက်မြို့ရှိ ဒေသခံများ၏ပြောဆိုမှုအရ ရုရှား၏တိုက်ခိုက်မှုများသည် ဒရုန်း တပ်ဆင်ရေးစက်ရုံများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။ မကြာသေးမီကာလက ယူကရိန်းနိုင်ငံ က ရုရှားနိုင်ငံအပေါ် ဒရုန်းများဖြင့်တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာခြင်းကြောင့် ယခုကဲ့သို့တိုက်ခိုက်မှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရုရှားဘက်က ပြောထားသည်ဟု RT သတင်းဌာန ဖော်ပြ ချက် အရ သိရသည်။