“အထူးမိုးလေဝသသတင်း ထုတ်ပြန်”
24 Jun
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၂၃ ရက်ည ၇ နာရီမှာ အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မုတ်သုံလေသည် အားအလွန်ကောင်းလာနိုင်ခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက် တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများရဲ့ အရှိန်တို့ကြောင့် ဇွန်လ ၂၃ ရက်ညမှ ၂၉ ရက်အတွင်း ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်တို့အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ထို့အတူအချို့ဒေသများမှာ ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်လို့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်လည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ (NVS 003)