"အိန္ဒိယကုန်စည်ပြပွဲမှာ ပါဝင်ပြသနိုင်ရန် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ် "
24 Jun
၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲမှာ ပါဝင်ပြသဖို့ မြန်မာစီးပွားရေးလုပ်ငန်းရှင် တွေကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ အဆိုပါပြပွဲကို လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကနေ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ G.S Marketing Association တို့ ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာ မြန်မာနိုင်ငံအတွက် ပြခန်းအရေအတွက်အလိုက် လျှော့ဈေး ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ အထူးဈေးနှုန်းသတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ ကုန်စည်ပြပွဲမှာ ၉ စတုရန်းမီတာပြခန်းတစ်ခုကို ငှားရမ်းခအမေရိကန်ဒေါ်လာ ၂,၀၀၀ နဲ့ ၁၈ ရာခိုင်နှုန်း အခွန်ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင်အသိပေးအကြောင်းကြားမယ်ဆိုရင် B2B ဆွေးနွေးပွဲတွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး လာရောက်ပြသသူတွေ အဆင်ပြေစေဖို့ ကုန်စည်ပြပွဲနဲ့ အနီးဆုံးနေရာမှာ မိမိတို့ရဲ့စရိတ်နဲ့ တည်းခိုနေထိုင်ဖို့ စီစဉ်ပေး မှာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ ပြပွဲမှာ လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန် ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အထည်အလိပ်တွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ စက်ပစ္စည်းတွေ စတဲ့ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေက ပြခန်းတွေ ဖွင့်လှစ်ပြီး ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှာ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်တယ်လို့လည်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ (NVS 003)