"စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေ"
24 Jun
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua ကုမ္ပဏီက စိုက်ပျိုးရေးဘေးထွက် ပစ္စည်းဖြစ်တဲ့ စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေတယ်လို့ သိရပါတယ်။ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ စပါးခွံကို ဝယ်ယူသုံးစွဲတာဖြစ်တဲ့အတွက် တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေပိုမိုရရှိစေပြီး စပါးခွံ ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေနဲ့ လျှပ်စစ်ဓာတ်အား ၁၂ မဂ္ဂါဝပ် ထွက်ရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခုခေတ်မှာ လျှပ်စစ်ဓာတ်အားရရှိဖို့ သဘာဝဓာတ်ငွေ့၊ လောင်စာဆီ စတာတွေကို အသုံးပြုထုတ်လုပ်တာ ကြောင့် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မိမိတို့အနေနဲ့ Green Energy ဖြစ်တဲ့ စပါးခွံလောင်စာသုံး လျှပ်စစ်ရရှိအောင်ဆောင်ရွက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို အကာအကွယ်အဖြစ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ စက်ရုံအတွင်းမှာ ၁ မဂ္ဂါဝပ် gasifire ၁၂ လုံး တည်ဆောက်ထားပြီး လက်ရှိ စမ်းသပ်လည်ပတ်မှုအဖြစ် ၅ လုံး လည်ပတ်ပြီးဖြစ်သလို စက်အားလုံး လည်ပတ်နိုင်ပါက 12 MW ထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လက်ရှိမှာ အလုပ်သုံးစွဲမှု အနေအထားအရ ၁ မဂ္ဂါဝပ် တစ်လုံးသာ လည်ပတ်နေကာ ၁ မဂ္ဂါဝပ်အတွက် ၁ နာရီကို စပါးခွံ ၁ ဒသမ ၆ တန် အသုံးပြုနေရတယ်လို့ သိရပါတယ်။ (NVS 003)