“အီရန်နျူကလီးယားစက်ရုံများအား အမေရိကန်ဗုံးကြဲ တိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချ”
23 Jun
အီရန်နျူကလီးယားစက်ရုံများအား အမေရိကန်၏ဗုံးကြဲတိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က ဇွန်လ ၂၂ ရက်တွင် ပြောကြား သည်။ အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံသုံးခုအား အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့် က ကြေညာခဲ့ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အမေရိကန်က ယခုကဲ့သို့ တိုက်ခိုက်မှုများဆောင်ရွက်ခြင်းဖြင့် ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်စေကြောင်း ၎င်း က ပြောကြားသည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ပြန်လည် ရရှိစေရေးအတွက် တရားမျှတမှုကို စွဲကိုင်ကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း ၎င်းက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။