“အမေရိကန် က အီရန်နျူကလီးယား အဆောက်အအုံများအပေါ် တိုက်ခိုက်မှုကို အီရန်ဘက်ကလည်း လက်တုံ့ ပြန်မည်ဟု ထုတ်ပြန်”

23 Jun

အမေရိကန် က အီရန်၏နျူကလီးယားအဆောက်အအုံသုံးခုကိုတိုက်ခိုက်လိုက်ပြီးနောက် အီရန်ဘက်က လည်း လက်တုံ့ ပြန်မည်ဟုထုတ်ပြန်ထားကြောင်း သိရသည်။ အမေရိကန်တပ်မတော်သည် တာဝေးသွား B2 အမျိုးအစားကိုယ်ပျောက်ဗုံးကြဲ လေယာဉ်များအသုံးပြု၍ အီရန်နိုင်ငံ၏အထင်ကရ နျူကလီးယားအဆောက်အအုံ များဖြစ်သော ဖော်ဒိုး၊ နာတန့်နှင့် အက်စဖာဟန်နေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်တွင် ပြောသည်။ ထို့နောက် ထရမ့်က အီရန်နိုင်ငံအနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကိုလက်ခံရတော့မည်ဖြစ်ကြောင်း၊ လက်မခံပါက ယခုတိုက်ခိုက်မှုထက် ပိုမိုဆိုးဝါးသည့် တိုက်ခိုက်မှု များနှင့် ရင်ဆိုင်ရစေမည် ဖြစ်ကြောင်း နိုင်ငံတော်မိန့်ခွန်းတွင် ပြောထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်၏တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်းကြောင့် အမေရိကန်အနေဖြင့် အဆုံးမဲ့ အကျိုးဆက် များကို ခံစားရစေမည်ဖြစ်ကြောင်း အီရန်အစိုးရက ဇွန်လ ၂၂ ရက်တွင် ပြောသည်။ ထို့ပြင် အမေရိကန်ဘက်က ယခုကဲ့သို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်တွေးထားကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါနေရာများကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ပြန်မရနိုင်သော မည်သည့်ဆုံးရှုံးမှုမျှမရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အံ့ဩမှုစိုးစဉ်းမျှမဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ၏အကြံပေး မက်ဒီမိုဟာ မက်ဒီ က ပြောထား သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Jun

ADVERTISE HERE .