“ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်နေမှု ၉၂ ရာခိုင်နှုန်းကျော်ပြီးစီး”
23 Jun
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီး၌ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနေသူများရဲ့ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ့ထုတ်ကုန်များကို လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ချင်းတွင်း မြစ်ကူးတံတား(ထမံသီ)တည်ဆောက်လျက်ရှိပါတယ်။ အခုလိုတည်ဆောက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဇွန်လ ၂၂ ရက်က ကြည့်ရှု စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြား ရေးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများဖြစ်သော ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ပင်းမာကျေးရွာနှင့် ထမံသီ ကျေးရွာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတို့ရှိ တံတားကြီးတည်ဆောက်နေမှုလုပ်ငန်းများ၊ တိုင်းဒေသကြီးလမ်း ဦးစီးဌာနမှ တံတားကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်မှုကုန်ကျစရိတ် ပြောင်းလဲမှုမရှိစေရန်၊ အသုံးပြုမည့်ပြည်သူများ အမြန်ဆုံးအကျိုးခံစားရစေရန်၊ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် ရန်၊ မိုးတွင်းကာလရောက်ပြီဖြစ်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ချင်းတွင်းမြစ်ရေကြီးမှုတို့ကြောင့် မလိုအပ်တဲ့ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်မျှော်တွေးကာ လိုအပ်သည်များကို စီမံဆောင်ရွက်ထားရန်တို့ကို မှာကြားခဲ့ ပါတယ်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ဟာ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်မှာ ချင်းတွင်းမြစ်အားဖြတ်၍ သံကူကွန်ကရစ်တံတားအမျိုးအစား တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉ ဒသမ ၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေ (HFL)နဲ့ တည်ဆောက်လျက်ရှိပြီး လက်ရှိအချိန်တွင် ၉၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ပါတယ်။ (NVS 004)