“စစ်ကိုင်းခရီးသွားဇုန်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၄ လုံးအနက် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနည်း ခဲ့တဲ့ ၄ လုံးကို ဖွင့်လှစ်ခွင့်ရဖို့ တင်ပြထား”

23 Jun

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရီးသွားဇုန်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၄ လုံးရှိတဲ့အနက် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုနည်းပါးခဲ့တဲ့ ၄ လုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ရှိနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံသို့ တင်ပြထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းခရီးသွားဇုန် ထိခိုက်ပျက်စီးမှုကြီးမား ခဲ့ရကြောင်း၊ စစ်ကိုင်းခရီးသွားဇုန်မှာ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၄ လုံးရှိသည့်အနက်မှ ၄ လုံးက ပြိုကျပျက်စီး ခဲ့ကြောင်း၊ ၆ လုံးမှာ ထိခိုက်မှုကြီးမားခဲ့တဲ့အတွက် အင်ဂျင်နီယာများရဲ့ စစ်ဆေးချက်၊ သတ်မှတ်ချက်များနှင့်အတူ ပြန်လည်ပြင်ဆင်ခွင့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် SOP များ အတိုင်းပြန်လည်ပြင်ဆင်ခွင့်ကို တိုင်းဒေသကြီးအစိုးရထံ တင်ပြရန်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့တဲ့ ကျန် ၄ လုံးကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ တင်ပြထားကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာ၊ ကလေးနှင့် နာဂဒေသ ခရီးသွားဇုန် ဟုဆိုကာ ခရီးသွားဇုန် ၆ ခုခွဲထားပြီး အဆိုပါခရီးသွားဇုန် ၆ ခုအနက် စစ်ကိုင်းနှင့် မုံရွာခရီးသွားဇုန်များက ခရီးသွားဧည့်သည်လာရောက်မှုအများဆုံး ဇုန် ၂ ခုဖြစ်တာကြောင့် လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လျက်ပြီး Souvenirs shop များလည်း ပြန်လည်ဖွင့်လှစ်ထားတဲ့အတွက် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်တဲ့ ဗဟုသုတများရရှိစေရန်အတွက် လာရောက် လေ့လာကြည့်ရှုရန် ခရီးသွားအကြံပြုမှုပေးထားကြောင်း သိရပါတယ်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကိုင်း တိုင်းဒေသကြီးသို့ လာရောက်လည်ပတ်တဲ့ ပြည်တွင်းခရီးသွားဧည့်သည် ၃၂၀,၀၀၀ ကျော်ရှိခဲ့ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၅၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)

23 Jun

ADVERTISE HERE .