“ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်တဲ့ လုပ်ငန်းလိုင်စင်ပေါင်း ၅,၇၀၀ နီးပါး ခွင့်ပြုပေးထား”
23 Jun
တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်တဲ့ လုပ်ငန်းလိုင်စင်ပေါင်း ၅,၇၀၀ နီးပါးကို ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရပါတယ်။ လက်ရှိမှာ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးခွဲများမှာ လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်ပါတယ်။ ကျောက်မျက်လုပ်ငန်းအတွက် လိုင်စင်ကို ၃ မျိုးထုတ်ပေးလျက်ရှိပြီး အဆိုပါလိုင်စင်များမှာ နံပါတ်တစ်အနေ နဲ့ ကျောက်မျက်ရတနာများကို ရတနာဆိုင်ဖွင့်လှစ်ကာ ရောင်းဝယ်လိုပါက ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်(ရတနာဆိုင်လိုင်စင်)၊ နံပါတ်နှစ်အနေနဲ့ ကျောက်မျက်ရတနာများ ကို အချောထည်ပြုလုပ်ခြင်းအတွက် ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ကြွင်းပြုလုပ်ခြင်းလုပ်ငန်း လိုင်စင်၊ နံပါတ်သုံးအနေနဲ့ ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင် တို့ဖြစ်တယ်လို့ သိရပါတယ်။ အထက်ပါ လိုင်စင် ၃ မျိုးအနက် တစ်မျိုးမျိုးကိုလျှောက်ထားပါနိုင်ပြီး လိုင်စင်သက်တမ်းအနေနဲ့ တစ်နှစ် သက်တမ်းခွင့်ပြုပေးကာ သက်တမ်းမကုန်မီ ၃ လအလိုတွင် သက်တမ်းတိုးနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)