ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ပါကစ္စတန်အမည်စာရင်း တင်သွင်းမည်

22 Jun

ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို အမည်စာရင်း ပေးသွင်းမည် ဖြစ်ကြောင်း ပါကစ္စတန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်ပဋိပက္ခကို ဖြေရှင်းရာတွင် ပါဝင်ကူညီ ခဲ့မှုကြောင့် သမ္မတ ဒေါ်နယ် ထရမ့် ကို ယခုနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်းပေးသွင်းရန် ပါကစ္စတန်နိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ဒေါ်နယ်ထရမ့် ကို အမည်စာရင်းပေးထားခြင်းဖြင့် အစ္စရေး-အီရန် ပဋိပက္ခ၌ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်မည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့် အနေဖြင့် ပြန်လည်စဉ်းစားလာနိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ထားသည်။ ယခုနှစ် မေလ ၇ ရက်တွင် စတင်ခဲ့သော အိန္ဒိယနှင့် ပါကစ္စတန်ပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ ကြားဝင် ပေးမှုဖြင့် ပြီးဆုံးပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် က ကြေညာခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား လေးရက်ကြာပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ သံတမန်ရေးအရ ကြားဝင်မှုကြောင့် ပြီးဆုံးခဲ့ရကြောင်း ပါကစ္စတန် နိုင်ငံက လက်ခံထားသည်။ သို့ရာတွင် ပါကစ္စတန်နှင့်ဖြစ်ပွားခဲ့သော လေးရက်ကြာပဋိပက္ခမှာ အမေရိကန်နိုင်ငံ၏ ကြားဝင်မှုကြောင့် ပြီးဆုံးခဲ့ခြင်းမဟုတ်ဘဲ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားထားသည်။

22 Jun

ADVERTISE HERE .