အမေရိကန်က အီရန်နိုင်ငံရှိ နျူနေရာ သုံးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

22 Jun

ဇွန်လ ၂၂ ရက် အီရန်စံတော်ချိန် နံနက် ၂ နာရီခွဲဝန်းကျင်မှာ အီရန်ရဲ့ အဓိကနျူကလီးယားစက်ရုံကြီး ၃ ခုဖြစ်တဲ့ ဖော်ဒိုလောင်စာသန့်စင်စက်ရုံ၊ နာတန်ဇ်နျူကလီးယားစက်ရုံနဲ့ အစ်ဖာဟန်မြို့မှာရှိတဲ့ နေရာတစ်ခုတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်က ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ GBU-57 အမျိုးအစား ဗုံး ၂ လုံးစီကို B-2 မဟာဗျူဟာဗုံးကြဲ လေယာဉ်ကြီးများကို အသုံးပြု၍ တိုက်ခိုက်ခဲ့တဲ့အပြင် တိုမာဟော့ဒုံးကျည် ၃၀ စင်းကိုလည်း အသုံးပြုခဲ့ပါတယ်။ အီရန်ရှိ နျူနေရာတွေဖြစ်တဲ့ ဖော်ဒို၊ နာတန်ဇ်နဲ့ အစ်ဖာဟန်တို့ရှိ နေရာတွေကို လေယာဉ်တစ်စီးစီဖြင့် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်ရဲ့ နျူနေရာတွေကို အောင်မြင်စွာ ဗုံးကြဲဖျက်ဆီးနိုင်ခဲ့ကြောင်း နှင့် ဗုံးကြဲခဲ့သည့် လေယာဉ်အားလုံး အီရန်ဝေဟင်ပိုင်နက်ထဲကနေ ပြန်ထွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားထား ပါတယ်။ ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်နေကြတဲ့အတိုင်း သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်ကို အစ္စရေး-အီရန် စစ်ပွဲအတွင်းသို့ ဝင်ရောက်နိုင်ဖို့ ခွင့်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်လွှတ်တော်က ယခုဖြစ်ပွားနေတဲ့ အစ္စရေး-အီရန်စစ်အတွင်း အမေရိကန်အနေနဲ့ ဝင်ရောက်ရန်မသင့်ကြောင်းပြောကြားမှုတွေ ရှိခဲ့ပြီး အမေရိကန်အိမ်ဖြူတော် သတင်းပြန်ကြားရေးကလည်း အမေရိကန်ရဲ့ စစ်ရေးပါဝင်မှုကို နှစ်ပတ် နောက်ဆုတ်လိုက်ကြောင်း အတိအလင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ စစ်အတွင်း ကြီးမားတဲ့အကျိုးသက်ရောက်မှုများရှိနိုင်ရန် လှည့်စားမှုတွေလားဆိုတာ နောင်မှာ သတိပြုရမည့် အချင်းအရာတစ်ခုအဖြစ် ကျန်ရှိနေမှာဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်မှာ အစ္စရေးက အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်မီအချိန်အထိ အမေရိကန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံအပေါ် နျူကိစ္စရပ်တစ်ခုတည်း ကိုသာ ဦးစားပေးဖိအားပေးခဲ့ခြင်းမျိုးကို တွေ့ရှိနေခဲ့ပါတယ်။ သို့သော်လည်း နောက်ကွယ်က အကြောင်းအရာ တွေက များစွာရှိနေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားနှင့် ဒေသတွင်း အင်အားကြီးလာမှုကို လျှော့ချရန်၊ ကမ္ဘာပေါ်ရှိ အကြမ်းဖက်များကို နောက်ကွယ်ကနေ အားပေး‌ထောက်ပံ့နေတဲ့ အီရန်နိုင်ငံကို အင်အားချိနဲ့အောင်လုပ်ဆောင်ရန်နဲ့ အီရတ်စစ်ပွဲနောက်ပိုင်း အီရန်ရဲ့အင်အားကြီးမားလာမှုကို ရိုက်ချိုးပြီး အာရပ်နိုင်ငံများအား အကြောက်တရားရိုက်သွင်းရန်တို့ကို ဦးတည်လုပ်ဆောင်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အီရန်နိုင်ငံမှ ရေနံတွေကို ဆက်သွယ်ရယူနေတဲ့ တရုတ်နိုင်ငံနဲ့ ချိတ်ဆက်မှုတွေကိုပါ ဖြတ်တောက်ပြီး အကျိုးဆက်အနေနဲ့ အီရန်နိုင်ငံကိုတိုက်ခိုက်ပြီး တရုတ်နိုင်ငံကိုပါ အင်အားချိနဲ့အောင် လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အခုလို စစ်ပွဲအတွင်း တိုက်ရိုက်ပါဝင်လိုက်ရတာကတော့ အီရန်ရဲ့ နျူကလီးယား အရင်းအမြစ်တွေကို အချိန်တိုအတွင်း အပြီးအပြတ် ချေမှုန်းပစ်ဖို့ လိုအပ်တဲ့ စစ်ရေးစွမ်းအား ဖြစ်တဲ့ တန်ချိန် ၁၃ တန်ကျော်လေးတဲ့ GBU 57 ဗုံး ၂ လုံးကို သယ်ဆောင် စစ်ဆင်နိုင်တဲ့ လေယာဉ်ဖြစ်တဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်မျိုးနဲ့ ဗုံးအမျိုးအစားမျိုး အစ္စရေးမှာ အသင့်ရှိမနေတာကြောင့် တိုက်ရိုက်ပါဝင်ပတ်သက်တိုက်ခိုက်ခဲ့ရတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ အမေရိကန် ရည်ရွယ်သလို အီရန်အနေနဲ့ အချိန်တိုအတွင်း အပစ်ရပ်စကားပြောလာမလား၊ ခါမေနီ Administration ပဲ ပြုတ်ကျသွားလေမလား ဒါမှမဟုတ် အီရန်အနေနဲ့ အမေရိကန်အကျိုးစီးပွါးတွေကို ပြင်းပြင်းထန်ထန်ထိခိုက်အောင်တိုက်ခိုက်လေမလား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

22 Jun

ADVERTISE HERE .