(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
21 Jun
(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့ နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယောဂလေ့ကျင့်ခန်းကို စိတ်ပါဝင်စားသူများ တက်ရောက်ကြပါတယ်။ ဦးစွာ အိန္ဒိယနိုင်ငံ ဆက်ဆံရေးရုံး ဆက်ဆံရေးအရာရှိနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr.Shri Abhay Thakur တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြပါတယ်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ (၁၀)ကြိမ်မြောက် ယောဂနေ့လေ့ကျင့်ခန်းပြုလုပ်ခြင်းအစီအစဉ်ကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရေပန်း ရေပြင်၌ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် ယောဂလေ့ကျင့်ခန်းကို ဒုတိယအကြိမ်အဖြစ် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် ယောဂလေ့ကျင့်ခန်းကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အေးချမ်းသောမေတ္တာရိပ် အရိပ်အာဝါသအောက်တွင် ပြီးပြည့်စုံစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ညိုစော က Yoga ၏ဆောင်ပုဒ်ဖြစ်သည့် "Yoga for Hormony & Peace" အဆိုအရ ကျန်းမာရေးညီညွတ်မျှတခြင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိခြင်းဟုဆိုရမည်ဖြစ်ပါကြောင်း၊ ယောဂလေ့ကျင့်ခန်း သည် သေချာလေ့ကျင့်ပါက အသက်အရွယ်မရွေး ကျန်းမာရေးနှင့်ညီညွတ်သည့် နိုင်ငံတကာအသိအမှတ်ပြုသည့် လေ့ကျင့်ခန်းဖြစ်ပါကြောင်း၊ ပုံမှန်အလေးထား လိုက်နာဆောင်ရွက်မည်ဆိုပါက အသက်ရှည်ကျန်းမာကာ စိတ် ချမ်းသာ၊ ကိုယ်ကျန်းမာမှု ရရှိနေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ယောဂသမိုင်းနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကိုပြသပြီး မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်၌ အိန္ဒိယနိုင်ငံသံရုံးမှ အိန္ဒိယယဉ်ကျေးမှု ယောဂနည်းပြဆရာမနှင့် တက်ရောက်လာကြသူများက ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းကို ဆောင်ရွက်ကြပါတယ်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီး တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော က အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဆွမ်း၊ပန်း၊ရေချမ်း ကပ်လှူပူဇော်ခဲ့ကြကာ (၁၁)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ်နှင့် ယောဂသရုပ်ပြ စုပေါင်းလေ့ကျင့်ခြင်းအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ကံ့ကော်ပျိုးပင်ကို မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း အတူတကွစိုက်ပျိုးခဲ့ကြကြောင်း သိရပါတယ်။(NVS 003)