ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ စာရင်းပေးသွင်းနိုင်

21 Jun

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်ကျင်းပမည့် ASEAN-Korea Startup Innovation Week 2025 ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ အစပျိုးစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲကို အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက်တာ ကာလကို ဆိုးလ်မြို့၌ပြပွဲပြုလုပ်မှာဖြစ်ပါတယ်။ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အခြားမြို့များရှိ အစိုးရရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ လေ့လာရေးသွားရောက်ရမှာဖြစ်ပါတယ်။ ၎င်းပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေး အခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုး လုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံတွင် ဈေးကွက်ထိုးဖောက်ရန်နှင့် စီးပွားရေးတိုးချဲ့နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းနေသည့် အစပျိုးလုပ်ငန်းရှင်များ၊ သက်တမ်း ၅ နှစ်အောက်ရှိသည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းအင်အား ၃၀ ဦး အောက်သာ ခန့်ထားနိုင်သည့် အခွန်ထမ်းနေသော အစပျိုးလုပ်ငန်းရှင်များ၊ အင်္ဂလိပ်ဘာသာစကား (C-Level)အား ကျွမ်းကျင်စွာ ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ နားလည်နိုင်သော အစပျိုးလုပ်ငန်းရှင်များ၊ AI၊ Mobility Tech၊ Fintech (သို့မဟုတ်) Healthcare Platform အစရှိတဲ့ နည်းပညာအသုံးပြုသော ကဏ္ဍများအပါအဝင် လူ့ဘောင်အဖွဲ့အစည်း အား အကျိုးရှိစေမည့် နည်းပညာအသုံးပြု အစပျိုးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်မှာဖြစ်ပါတယ်။ အဆိုပြုလာသည့် လုပ်ငန်းရှင်များအနက် ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များအတွက် လေယာဉ်စရိတ် နှင့် တည်းခိုနေထိုင်စရိတ်များကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ရွေးချယ်အတည်ပြုခြင်းခံရသည့် အစပျိုးလုပ်ငန်းရှင်များ၏ ပြည့်စုံစွာ ဖြည့်စွက်ထားသည့် Registration Form ကို ဇူလိုင်လ ၄ ရက်တွင် အာဆီယံ-ကိုရီးယားဗဟိုဌာနသို့ ပေးပို့ပေးရမှာ ဖြစ်ပါတယ်။ ပြပွဲသို့ ပါဝင်ပြသလိုသည့် အစပျိုးလုပ်ငန်းရှင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။(NVS 003)

21 Jun

ADVERTISE HERE .