အီရန်-အစ္စရေးပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ရန် သင့်၊ မသင့် ရက်သတ္တနှစ်ပတ်အတွင်း သမ္မတဒေါ်နယ်ထရန့် ဆုံးဖြတ်မည်ဟုဆို

21 Jun

အီရန်နှင့် အစ္စရေးပဋိပက္ခ၌ အမေရိကန်နိုင်ငံ တိုက်ရိုက်ပါဝင်ရန် သင့်၊မသင့်ကို လာမည့်ရက်သတ္တ နှစ်ပတ် အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါရပ်တည်ချက်ကြောင့် အီရန်နိုင်ငံအနေဖြင့် နျူကလီးယားပြဿနာ ဆွေးနွေးပွဲများ၌ ပြန်လည်ပါဝင်ရန် ဖိအားများဖြင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်၏ ဖော်ဒိုး မြေအောက်ယူရေနီယံသန့်စင်ရေးစက်ရုံကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် အီရန်နှင့်အစ္စရေး ပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ရန် သင့်၊ မသင့်ကို ချိန်ဆနေကြောင်း သိရသည်။ သို့ရာတွင် သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် အီရန်-အစ္စရေးပဋိပက္ခ၌ အမေရိကန်နိုင်ငံအနေဖြင့် စစ်ရေးအရ တိုက်ရိုက်ပါဝင်ရန် သင့်၊ မသင့်ကို လာမည့်ရက်သတ္တနှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖော်ဒိုးယူရေနီယံသန့်စင်ရေးစက်ရုံသည် တောင်တစ်လုံးကိုထွင်းဖောက်၍ မြေအောက်၌ တည်ဆောက် ထားခြင်းဖြစ်ရာ အမေရိကန်တပ်မတော်၏ ဘန်ကာခွဲဗုံးများဖြင့်သာ ယင်းစက်ရုံကို ဖျက်ဆီးနိုင်ကြောင်း သိရသည်။ ဇွန်လ ၁၃ ရက်တွင် စတင်ခဲ့သည့် အစ္စရေး-အီရန်ပဋိပက္ခသည် ယနေ့တွင် ဒုတိယရက်သတ္တပတ် ကာလအတွင်း ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

21 Jun

ADVERTISE HERE .