ဂိုးသမား တွမ်ဟီလ်တန် ကို ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုးခဲ့တဲ့ မန်ယူအသင်း
20 Jun
မန်ယူအသင်းက ဝါရင့်ဂိုးသမား တွမ်ဟီလ်တန် ကို ၂၀၂၆ ခုနှစ် ဇွန်လအထိ နောက်ထပ်တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်အရွယ် ဂိုးသမား တွမ်ဟီလ်တန် ဟာ မန်ယူအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ တွမ်ဟီလ်တန် အနေနဲ့ မန်ယူအသင်းတွင် ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ပြီး ဆွစ်ဒေါင်း၊ ကာဒစ်၊ ကျူပီအာ၊ ရော့ဒါလေ၊ ဝိုင်ကွမ်ဘီ နဲ့ ဘန်လေအသင်း တို့ထံ အငှားစာချုပ်များဖြင့် အဆင့်ဆင့်ပြောင်းရွှေ့ ကစားခဲ့ ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အေဗီလာအသင်းထံသို့ အပြီးသတ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ အေဗီလာအသင်းမှာလည်း တွမ်ဟီလ်တန် ဟာ ပွဲစဉ်အနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူအသင်းထံ ပြန်လည်ပြောင်းရွှေ့ ကစား ခဲ့ပါတယ်။ မန်ယူအသင်းနဲ့ တွမ်ဟီလ်တန် တို့ရဲ့ စာချုပ်သက်တမ်းမှာ ယခုလကုန်တွင် ကုန်ဆုံးမှာဖြစ်ပြီး မန်ယူ အသင်းက အစောပိုင်းမှာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်မဟုတ်ဘဲ လက်လွှတ်ရန် ဆုံးဖြတ်ထားပေမယ့် ယခုအခါ နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပါတယ်။(NVS 008)