နစ်ကိုးဝီလျံ ကို ခြောက်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့တဲ့ ဘာစီလိုနာအသင်း
20 Jun
ဘာစီလိုနာအသင်း ဘီလ်ဘာအိုအသင်းမှ တောင်ပံတိုက်စစ်ကစားသမား နစ်ကိုးဝီလျံ ကို ကာလရှည် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ ၂၀၃၁ ခုနှစ်ထိ ခြောက်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ နစ်ကိုးဝီလျံ ဟာ စပိန်လက်ရွေးစင်အသင်းတွင် ဘာစီလိုနာအသင်း ကစားသမား ယာမယ် နဲ့တွဲဖက်ပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ နည်းပြ ဖလစ် ရဲ့ တိုက်စစ်ပိုင်းတွင် ယာမယ် နှင့်အတူ ပါဝင်ကစားလိုတာကြောင့် ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်လုပ်ခ ယူရို ၁၂ သန်း ဖြင့် ခြောက်နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ နစ်ကိုးဝီလျံ ဟာ ပြီးခဲ့တဲ့ ဘောလုံးနှစ်ရာသီဆက် ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ လာလီဂါပြိုင်ပွဲ ၂၉ ပွဲတွင် သွင်းဂိုး ငါးဂိုးနဲ့ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အသင်းအတွက် သွင်းဂိုး ငါးဂိုးနဲ့ ဂိုးဖန်တီးမှု သုံးကြိမ်ထိပြုလုပ်ခဲ့ကာ အသင်းကို ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့လို့ ယူရိုပါလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့ပါတယ်။(NVS 008)