“မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ထက်ဝက်ကျော်ကျဆင်းလာသော်လည်း ပြန်လည် မြင့်တက်လာနိုင်”

20 Jun

မန္တလေးဆိပ်ကမ်းတွင် ဧရာဝတီမြစ်ရေသည် ဇွန်လ ၁၉ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ၅၈၂ စင်တီမီတာသို့ ရောက်ရှိနေရာ မန္တလေးမြို့၏ စိုးရိမ်ရေမှတ် ၁,၂၆ဝ စင်တီမီတာအောက် ထက်ဝက်ကျော် ကျဆင်းလာ သော်လည်း လာမည့်ရက်သတ္တ တစ်ပတ်ကျော်ကာလအတွင်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားကြောင်း သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ နေ့စဉ် နံနက် ၆ နာရီခွဲတွင် တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီခွဲတွင် တစ်ကြိမ်ဖြင့် တိုင်းထွာချက်များပြုလုပ်၍ အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။ မန္တလေးဆိပ်ကမ်း၌ ဇွန်လ ၁၁ ရက် နံနက် ၆ နာရီခွဲတွင် ဧရာဝတီမြစ်ရေမှာ ၁,၁၂၉ စင်တီမီတာရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်အောက် ၄ ပေ ကျော်လောက်အထိ မြင့်တက်ခဲ့ကာ ဇွန်လ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကိုးရက်အတွင်း ရေများ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ဇွန်လ ၁၉ ရက် မနက် ၆ နာရီခွဲတွင် ၅၈၂ စင်တီမီတာမှာ ရောက်ရှိ နေခြင်းကြောင့် လာမယ့်တစ်ပတ်မှစတင်ကာ မန္တလေးဆိပ်ကမ်းတွင် ရေများပြန်လည်မြင့်တက်လာနိုင်ကြောင်း အသိပေးထားပါတယ်။ မွန်းလွဲ ၁၂ နာရီခွဲအချိန် မြစ်ရေတိုင်းထွာချက်မှတ်တမ်းများအရ မန္တလေးဆိပ်ကမ်းတွင် ဇွန်လ ၁၁ ရက်မှစ၍ စိုးရိမ်ရေမှတ် ၁,၂၆ဝ စင်တီမီတာအနီးသို့ ရောက်ရှိခဲ့ပြီး တဖြည်းဖြည်းကျဆင်းသွားရာ ဇွန်လ ၁၅ ရက်တွင် ၈၅၂ စင်တီမီတာ၊ ၁၆ ရက်တွင် ၇၃၇ စင်တီမီတာ၊ ၁၇ ရက်တွင် ၆၅၃ စင်တီမီတာ၊ ၁၈ ရက်တွင် ၅၈၇ စင်တီမီတာနှင့် ၁၉ ရက်တွင် ၅၈၂ စင်တီမီတာသို့ရောက်ရှိခဲ့သဖြင့် ထက်ဝက်ကျော်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိတဲ့ ဇွန်လ ဒုတိယ ၁၀ ရက်ပတ် ခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်နှင့် ရွှေကူတို့တွင် ၂ ပေ မှ ၄ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ပြီး ကသာ၊ သပိတ်ကျင်းဆိပ်ကမ်းတို့တွင် ၄ ပေမှ ၆ ပေခန့်၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည် စတဲ့ အောက်ဘက်ဆိပ်ကမ်းမြို့များမှာတော့ ၇ ပေ မှ ၉ ပေခန့် ကျဆင်းလာနိုင်ကြောင်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ (NVS-004)

20 Jun

ADVERTISE HERE .