“ငြိမ်းချမ်းရေးကို ရှေးရှုသည့် အီရန်နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ရုရှားထောက်ပံ့မည်”
20 Jun
ရုရှားနိုင်ငံသည် ငြိမ်းချမ်းရေးကို ရှေးရှုသည့် အီရန်၏နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် အစ္စရေး၏အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကိုလည်း ဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က စိန့်ပီတာစဘတ်မြို့တွင် ကမ္ဘာ့နိုင်ငံများမှ သတင်းအေဂျင်စီများနှင့် ဇွန်လ ၁၉ ရက်က တွေ့ဆုံစဉ် ပြောကြားသည်။ ရုရှားနိုင်ငံအနေဖြင့် အီရန်နျူကလီးယား အရေးနှင့်ပတ်သက်ပြီး အစ္စရေး၊ အမေရိကန်တို့နှင့် ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို အီရန်အစိုးရအား ပြန်လည်အသိပေးပြောကြား ခဲ့ကြောင်း ပူတင်က ပြောကြားသည်။ ထို့ပြင် အီရန် နျူကလီးယား အရေး အတွက် အနီးစပ်ဆုံးအဖြေကို အဆိုပြုတင်ပြခဲ့ကြောင်း သမ္မတ ပူတင်က ဆက်လက်ပြောကြားသည်။ ရုရှားနှင့် အီရန်နှစ်နိုင်ငံအကြား နျူကလီးယားနည်းပညာများကို စိုက်ပျိုးမွေးမြူရေး နှင့် ဆေးပညာဆိုင်ရာ နယ်ပယ်များတွင် အသုံးပြုရန် သဘောတူထားကြောင်း ၎င်းက ပြောကြားသည်။ ဘတ်ရှားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးမှု အပါအဝင် အီရန်၏အရပ်ဘက် နျူကလီးယား အစီအစဉ် တွင် ရုရှား၏ ပါဝင်ပတ်သက်မှုကို ပူတင် က ထပ်လောင်းအတည်ပြုပြောကြားသည်။ ရုရှားနိုင်ငံက အီရန်၏ ဘတ်ရှား နျူကလီးယားစက်ရုံတွင် နောက်ထပ်ဓာတ်ပေါင်းဖိုနှစ်လုံး တည်ဆောက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ရုရှားနိုင်ငံမှကျွမ်းကျင်သူ ၂၀၀ ကျော်သည် လက်ရှိတွင် အဆိုပါနျူကလီးယားစက်ရုံ၌ တာဝန်ထမ်းဆောင် လျက် ရှိကြောင်း သိရသည်။ ထို့ပြင် မော်စကိုသည် ဘတ်ရှားနျူကလီးယားစက်ရုံတွင် ဓာတ်ပေါင်းဖိုများ တည်ဆောက် နေစဉ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်အတွက် အစ္စရေးအာဏာပိုင်များနှင့် သဘောတူညီမှု ရရှိထားကြောင်း သမ္မတပူတင်က ဆက်လက်ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။