“Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများမှာ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ တိုက်တွန်း”
20 Jun
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီး များမှာ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ တိုက်တွန်းထားကြောင်း သိရပါတယ်။ အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်ရာမှာ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များ ဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စတဲ့စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံးမှာ လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင် အမှိုက်ပုံးတွင် လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ် ပစ္စည်းများ အစရှိတဲ့ ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင် လည်းကောင်း စွန့်ပစ်ရမည် ဖြစ်ကြောင်း သိရပါတယ်။ စွန့်ပစ်ပစ္စည်းအမှိုက်များ စီမံခန့်ခွဲမှုမှာ အမှိုက်များကို စနစ်တကျခွဲခြား စွန့်ပစ်ခြင်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စေနိုင်ပြီး အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေတဲ့အပြင် အမှိုက်များကို အကျိုးရှိအောင် ပြန်လည် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမှိုက်ခွဲခြားစွန့်ပစ်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေနဲ့ နယ်နိမိတ်အတွင်းရှိ Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများမှ တာဝန်ရှိသူများအား အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်ခြင်းနှင့် ခွဲခြား စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၁၂ ထပ်ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဈေးများ၊ ကော်မတီလက်အောက်ရှိ ရုံးများနှင့် ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများတွင် အမှိုက် အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် အသိပညာပေးသရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 003)