“ပိဋကသုံးပုံ ဝိနည်းငါးကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ် ဗီယက်နမ်အလှူရှင်များက ဆွမ်းဆန်စိမ်း ကပ်လှူပူဇော်”

19 Jun

ဗီယက်နမ်နိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုဖြင့် ပိဋကသုံးပုံ၊ ဝိနည်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် တိပိဋကဆရာတော်ကြီးများနှင့် တိပိဋကစာဖြေ သံဃာ ၂၂၇ ပါးအား ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲကို ဇွန်လ ၁၈ ရက်တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဒေါက်တာ စန္ဒိမာ ဘိဝံသ သန်လျင်မင်းကျောင်းဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်များ ရွတ်ပွားသရဇ္ဈယ်သည့် ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြပါတယ်။ ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တ သမ္မာဒိဠိ က အောင်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူကြကုန်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၊ တိပိဋကဓရဆရာတော်ကြီးများ၊ တိုင်းသံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် တိပိဋကစာမေးပွဲ စာဖြေသံဃာတော်များအား ဖူးမြော်ကာ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်း၍ ဝိနည်းငါးကျမ်းရွတ်ဖတ်ပူဇော်ပွဲကို အောင်မြင်စွာကျင်းပလှူဒါန်းခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားသည် တိပိဋကဓရ ဆရာတော်ကြီးများနှင့် တိပိဋကစာမေးပွဲ စာဖြေသံဃာတော်များကို လှူဒါန်းပူဇော်သော အခမ်းအနားတစ်ခုဖြစ်ပြီး တိပိဋကစာမေးပွဲ စာဖြေသံဃာများအထောက်အကူပြု စာပေများ လေ့လာဆောင်ရွက်နိုင်စေရန် ပိဋကသုံးပုံနှင့်ပတ်သက်သော ဝိနည်းပိဋကစာအုပ်ငါးအုပ်၊ သုတ္တန်ပိဋကစာအုပ် သုံးအုပ်၊ အဘိဓမ္မာပိဋက စာအုပ် ၁၂ အုပ်နှင့် ပါဠိတော် အဋ္ဌကထာစာပေများနှင့် သံဃာအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပူဇော်ခဲ့ကြပါတယ်။ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ(ရေစကြိုဆရာတော်)ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။ (NVS-004)

19 Jun

ADVERTISE HERE .