“အိန္ဒိယက ပါကစ္စတန်နှင့်ဆက်ဆံရေးပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်မှုကို မည်သည့်အခါမျှ လက်ခံ မည်မဟုတ်”
19 Jun
အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်ဖျန်ဖြေမှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ပြောသည်။ ထရမ့် က ကနေဒါနိုင်ငံ၌ကျင်းပသော G-7 ထိပ်သီးအစည်းအဝေးမှ အချိန်မတိုင်မီ ထွက်ခွာ လာပြီးနောက် ဇွန်လ ၁၇ ရက်တွင် မိုဒီနှင့် ၃၅ မိနစ်ကြာဖုန်းပြောစဉ် မိုဒီ က ၎င်း၏ရပ်တည်ချက်နှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ်မစ်စရီ က ဝန်ကြီးချုပ်မိုဒီ အနေဖြင့် ကြားဝင်ဖျန်ဖြေမှုကို ဘယ်တော့မှလက်မခံခဲ့ဘဲ နောင်တွင်လည်း လက်ခံသွားမည်မဟုတ်ကြောင်းကို အခိုင်အမာပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးစည်းလုံးမှုက အပြည့်အဝရှိပြီးဖြစ်ကြောင်း ဇွန်လ ၁၈ ရက်တွင် ပြောသည်။ ထရမ့်နှင့်မိုဒီတို့ကြား ဖုန်းဆက်စကားပြောရန် အမေရိကန်ဘက်က စတင်ဖုန်းခေါ်ခြင်းဖြစ်ကြောင်း၊ ထရမ့် က မိုဒီကို အမေရိကန်နိုင်ငံသို့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ သို့သော် လက်ရှိဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိနေသေးသည့်အတွက် မိုဒီ က ထရမ့်၏ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်ကြောင်း ဗစ်ကရမ်မစ်စရီ က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ကြား ပြီးခဲ့သည့်လတွင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေစဉ် မိုဒီ က ယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲသွားသည့်အချိန်တွင် ထရမ့် က ၎င်း၏ကြားဝင်မှုကြောင့်သာ အပစ်အခတ် ရပ်စဲခြင်းဖြစ်သည်ဟုပြောထားသော်လည်း မိုဒီဘက်ကငြင်းဆိုထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။