"ကုန်စည်သယ်ယူပို့ဆောင်ခများ မြင့်တက်လာတာကြောင့် စိစစ်ကြပ်မတ်ဖြေလျော့ပေးစေလို"
19 Jun
ရန်ကုန်ကနေ အနယ်နယ်အရပ်ရပ်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ သယ်ယူပို့ဆောင်စရိတ်များ အရင်ကထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အထွေထွေအခွန်အခတွေ များလာတဲ့အပြင် ရန်ကုန်ကိုပို့တဲ့ ဒေသထွက်ကုန် များ နည်းပါးခြင်း၊ ရန်ကုန်သို့ပို့ဆောင်တဲ့ ကုန်ကားရှားပါးခြင်း၊ ကားခတွေကြီးမြင့်ခြင်းတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်း က ပြောကြားခဲ့ပါတယ်။ ရန်ကုန်ကနေ လူသုံးကုန်မျိုးစုံ၊ မီးဖိုချောင်သုံးပစ္စည်း၊ မုန့်မျိုးစုံ၊ စာရေးကိရိယာမျိုးစုံ စတဲ့ကုန်တွေကို အမယ်စုံ ရောတင်ရင် လမ်းခရီးတစ်လျှောက် အခက်အခဲမျိုးစုံရှိတာကြောင့် မတင်ချင်ကြဘဲ ကုန်ပစ္စည်းအမယ် တစ်မျိုးတည်း ကိုသာ အများစုက သယ်ယူပို့ဆောင်ချင်ကြတယ်လို့ သိရပါတယ်။ ဒီအခြေအနေက ကုန်စည်စီးဆင်းမှုမှာ အခက်အခဲ တစ်ခုဖြစ်တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာစိစစ်ကြပ်မတ်ပြီး ဖြေလျော့ပေးစေချင်တယ်လို့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တချို့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှာ ကုန်စည်စီးဆင်းမှု သတင်းပို့စနစ်နဲ့ ရန်ကုန်ကနေ အနယ်နယ်အရပ်ရပ်ကို နေ့စဉ်ကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကုန်တင်ယာဉ် ၄၅၀ ခန့်ရှိပြီး နယ်ဒေသ အသီးသီးကနေ ရန်ကုန်ကိုဝင်တဲ့ကားတွေကတော့ သတင်းပေးပို့တာမျိုး မရှိဘူးလို့ သိရပါတယ်။ (NVS 003)