"ဒလတံတားစီမံကိန်းကို ဒီဇင်ဘာလမှာ ပြီးစီးနိုင်ဖို့လျာထား"
19 Jun
ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်း လုပ်ငန်းတွေအားလုံး ဒီဇင်ဘာလအတွင်း ပြီးစီးနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားကို ရေယာဉ်တွေဖြတ်သန်းရာမှာ ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင်စီမံမှုတွေ ဆောင်ရွက်ထားနိုင်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ စက်ဆန်းဝန်ထမ်းမိသားစုအိမ်ရာ၊ သီရိအဏ္ဏဝါခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်း ဖြတ်သန်းသွားလာကြမယ့် နိုင်ငံတကာကုန်သင်္ဘောကြီးများ၊ ကမ်းရိုးတန်းသွားနဲ့ မြစ်တွင်းသွားရေယာဉ်တွေ ဘေးအန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့ စံပြုလုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းလမ်းညွှန်တွေ ရေးဆွဲသွားမယ်လို့ သိရပါတယ်။ ထွက်ပေါ်လာမယ့် စံပြုလုပ်ငန်းစဉ်တွေနဲ့ လမ်းညွှန်ချက်၊ စည်းကမ်းချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေကိုတင်ပြပြီး ခွင့်ပြုချက်ရယူကာ Stakeholder တွေ အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်းဆွေးနွေးပေးခြင်းနဲ့ ပညာပေးတာ၊ တိကျစွာ လိုက်နာကျင့်သုံး နိုင်ရေး ကြီးကြပ်စီမံခန့်ခွဲတာနဲ့ လိုအပ်တဲ့အရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အခုလိုဆောင်ရွက်တဲ့အတွက် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးတွေ၊ ကမ်းရိုးတန်းသွားနဲ့ မြစ်တွင်းသွား ရေယာဉ်တွေဟာ ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက်နဲ့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား ကို နေ့/ညမပြတ် ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ရန်ပုံငွေ ချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ (NVS 003)