" ADB Bank မှ ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီမည်"

19 Jun

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က မြန်မာ့ငလျင်ဘေးအတွက် ကုလသမဂ္ဂအေဂျင်စီ ၃ ခုကတစ်ဆင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ကူညီသွားမယ်လို့ ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကူညီထောက်ပံ့ငွေတွေကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)တို့ကတစ်ဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီပေးအပ်တဲ့ အမေရိကန်ဒေါ်လာသန်း ၁၀၀ အစီအစဉ်မှာ အရေးပေါ်အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှု၊ အစားအသောက်၊ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး ထောက်ပံ့မှု တွေနဲ့ စိတ်ပိုင်းဆိုင်ရာအကြံပေး ကူညီထောက်ပံ့မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီအပြင် ယာယီသင်ကြားရေး နေရာတွေ ပြုပြင်တာ၊ ရပ်ရွာစာကြည့်တိုက်တွေစီစဉ်ပေးတာ၊ ကုန်ထုတ်လုပ်မှု၊ ရေပေးဝေစနစ်နဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုသင်တန်းတွေ ပေးအပ်တဲ့ အကူအညီတွေလည်း ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ မတ်လ ၂၈ ရက် ငလျင်မလှုပ်ခင်က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ ၂၀၂၅ လူသားချင်းစာနာမှု လိုအပ်ချက် နဲ့ တုံ့ပြန်ရေးစီမံချက်အရ လူပေါင်း ၄ ဒသမ ၃ သန်းအတွက် အကူအညီနဲ့လူမှုရေးဆိုင်ရာအကာအကွယ်တွေ အရေးပေါ်လိုအပ်ကြောင်း ခန့်မှန်းထားပြီး ငလျင်လှုပ်ခတ်ပြီးချိန်မှာ လူပေါင်း ၆ ဒသမ ၃ သန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ငလျင်ကြီးလှုပ်ခတ်အပြီးမှာ အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ သန်း ကနဦးထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကို ရင်ဆိုင်နေရတာကြောင့် မြန်မာ့စီးပွားရေးက အခုဘဏ္ဍာနှစ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင် တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။(NVS 008)

19 Jun

ADVERTISE HERE .