"ပဲခူးမြို့မှာ မြို့နယ်အလိုက် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထား"
19 Jun
ပဲခူးတိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေဖြစ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေး ညီဆောင်ရွက်နိုင်ဖို့ မြို့နယ်တစ်မြို့နယ်ကို ၃၅ ယောက်နှုန်းနဲ့ ရှာဖွေကယ်ဆယ်ရေးတပ်စုတွေ စုဖွဲ့ထားတာဖြစ်တယ် လို့ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်လာပါက ဒေသခံတွေကို ဘေးလွတ်ရာသို့ အလွယ်တကူပြောင်းရွှေ့နိုင်ဖို့ စက်လှေတွေကို အဆင့်သင့်လုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဘေးအန္တရာယ် မရှိအောင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အလျင်အမြန် လုပ်ဆောင်နိုင်ရန် ဇွန်လ ၁၇ ရက်က ပဲခူးတိုင်းဒေသကြီးမှာ ရေဘေးကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခဲ့ကြ ပါတယ်။ ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်တာကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။(NVS 008)