“ကမ္ဘာ့အဆင့် (၁၀) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အမေရိကန် တင်းနစ်သမား ရှဲလ်တန်”
18 Jun
အမေရိကန် တင်းနစ်သမား ဘင်ရှဲလ်တန် ဟာ ဇွန်လ ၁၆ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ ကစားသမားဘဝ အမြင့်ဆုံးနေရာအဖြစ် အဆင့်(၁၀) မှာရပ်တည်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ရှဲလ်တန် ဟာ ကမ္ဘာ့အဆင့် ၃၀၀ မှာ ရှိနေခဲ့ပြီး ၃ နှစ်အတွင်းမှာ ရှဲလ်တန် ရဲ့လက်စွမ်းက တိုးတက်လာခဲ့သလို ကမ္ဘာ့အဆင့်ရပ်တည်မှုမှာပါ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ရှဲလ်တန် ဟာ ပရိုတင်းနစ်ကစားသမားဘဝကို ၃ ရာသီသာ ဖြတ်သန်းခဲ့ဖူးတာဖြစ်ပြီး အခုနှစ် ဩစတြေးလျ အိုးပင်း ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ကာ ဘေဆယ်နဲ့ မြူးနစ်အိုးပင်း ပြိုင်ပွဲတွေမှာလည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်ထိပ်ဆုံး ၁၀ ယောက်အတွင်း ရပ်တည်နိုင်တာက တကယ်ဂုဏ်ယူစရာကောင်းခဲ့သလို အဆင့်တွေပိုကောင်းလာဖို့ ကြိုးစားအားထုတ်သွားရတော့မှာ ဖြစ်တယ်လို့ ရှဲလ်တန် က ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ထုတ်ပြန်ချက်အသစ်အရ ထိပ်ဆုံး ၁၀ ယောက်အတွင်း အမေရိကန်နိုင်ငံသားတွေဖြစ်ကြတဲ့ တိုင်လာဖရစ်ဇ် နဲ့ တွမ်မီပေါလ် တို့ကပါ ရှဲလ်တန် နဲ့အတူ ပါဝင်လာခဲ့ပြီး ဒါဟာ ၂၀၀၆ နောက်ပိုင်း ကမ္ဘာ့အဆင့် (၁၀) အတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံသား ၃ ယောက် ပါဝင်လာခြင်းလည်း ဖြစ်ပါတယ်။ (NVS 008)