“ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး မြောက်ကိုရီးယားသို့ ရောက်ရှိ”

18 Jun

ရုရှားသမ္မတပူတင်၏ အထူးညွှန်ကြားချက်များအရ ထိပ်တန်းသမ္မတအကြံပေး ဆာဂေးရှိုဂူး သည် ဇွန်လ ၁၇ ရက် တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့သို့ ရောက်ရှိနေကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ပြုံယမ်းခရီးစဉ်အတွင်း သမ္မတအကြံပေး ဆာဂေးရှိုဂူး အနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းသိရသည်။ ဆာဂေးရှိုဂူး အနေဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ရရှိခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်နေမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင်များနှင့် ဆွေးနွေး မည်ဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ သို့ရာတွင် ရုရှားသမ္မတ ပူတင် က ဆာဂေးရှိုဂူး ကိုပေးလိုက်သည့် အထူးညွှန်ကြားချက်များနှင့်ပတ်သက်၍ ရုရှားမီဒီယာများ၏ သတင်းထုတ်ပြန်ချက်၌ အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်းသိရသည်။ ယခုခရီးစဉ်သည် ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး အတွက် သုံးလတာကာလ အတွင်း တတိယမြောက် မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။ ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား စစ်ရေးဆက်ဆံမှုနှင့် နိုင်ငံရေးဆက်ဆံမှုများ ပိုမိုအားကောင်း ခိုင်မာလာခဲ့ကြောင်း သိရသည်။

18 Jun

ADVERTISE HERE .