“ဂျီ-၇ ထိပ်သီးညီလာခံမပြီးဆုံးမီ သမ္မတဒေါ်နယ်ထရမ့်ထွက်ခွာ”
18 Jun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကြောင့် ကနေဒါနိုင်ငံ၌ ကျင်းပ နေသည့် G-7 ထိပ်သီးညီလာခံမှ တစ်ရက်စော၍ ပြန်လည်ထွက်ခွာသွားကြောင်း ဇွန်လ ၁၆ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။ G-7 အုပ်စုထိပ်သီးညီလာခံမှ မထွက်ခွာမီ အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးတင်းမာမှုများ လျှော့ချရေးအတွက် တောင်းဆိုထားသည့် G-7 ထိပ်သီးညီလာခံ ပူးတွဲကြေညာချက်ကို သဘောတူညီချက်ပေးခဲ့ကြောင်း သိရသည်။ အီရန်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် ကျင်းပသည့် G-7 ထိပ်သီး ညီလာခံမပြီးဆုံးမီ တစ်ရက်စော၍ သမ္မတ ဒေါ်နယ်ထရမ့် ထွက်ခွာသွားခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်သည်လည်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တစ်ရပ်ကို အီရန်နှင့် အစ္စရေးထံ ကမ်းလှမ်းထားသည်ဟု ပြင်သစ်သမ္မတ မက်ခရွန် က ထုတ်ဖော်ပြောကြားထားကြောင်း သိရသည်။ ဇွန်လ ၁၆ ရက်က ကျင်းပခဲ့သည့် G-7 အုပ်စု ထိပ်သီးညီလာခံတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။