“တောင်ငူမြို့တွင် ငလျင်ဒဏ်ကြောင့်‌ သေဆုံးခဲ့ရသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၃ သိန်းစီထောက်ပံ့”

18 Jun

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း၌ ‌သေဆုံးသူ ၄၄ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၂၄၃ ဦးနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၆ ရက်နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး အတွက် သဘာဝဘေးအသိ၊ သဘာဝဘေးသတိဖြင့်နေထိုင်ကြရန်၊ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောကြားခဲ့ပါတယ်။ ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ‌သေဆုံးသူ ၄၄ ဦးအတွက် ၎င်းတို့ရဲ့ မိသားစုဝင်များကို တစ်ဦးလျှင် အမျိုးသားသဘာဝဘေးကော်မတီမှ ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် တိုင်းအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်း စုစုပေါင်း ၁၃ သိန်း ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်ငွေကျပ် ၅ သောင်းစီ၊ ပျက်စီးနေအိမ်များအတွက် တစ်အိမ်လျှင်ငွေကျပ် ၁၀ သိန်းစီ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် ၁ လုံးလျှင် ငွေကျပ်သိန်း ၅၀ စီကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ငလျင်ဒဏ်သင့်သူ များကို အားပေးစကားပြောကြားခဲ့ပါတယ်။ (NVS 004)

18 Jun

ADVERTISE HERE .