“၂၀၂၄ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုင်ကြားစာ ၁,၂၂၅ စောင်ရှိခဲ့”
18 Jun
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားတဲ့ တိုင်ကြားစာ ၁,၂၂၅ စောင် အထိရှိခဲ့ပြီး အဆိုပါတိုင်ကြားမှုများအနက် ၈၁၄ စောင်ကို အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။ ကျန်ရှိနေတဲ့ တိုင်ကြားစာများအနက်မှ ၄၄ စောင်ကို စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနှင့်မညီညွတ်တဲ့အတွက် အရေးယူဆောင်ရွက်ခြင်းမပြုနိုင်တဲ့ တိုင်ကြားစာ ၃၆၈ စောင်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တို့မှ လွှဲပြောင်းပေးတဲ့ တိုင်ကြားစာ ၁၀ စောင်နှင့် ကော်မရှင်ထံလိပ်မူ၍ တိုင်ကြားစာ ၁,၀၅၂ စောင်အထိရှိကြောင်း သိရပါ တယ်။ တိုင်ကြားမှုများအနက် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦးနှင့်အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရအရေးယူခဲ့တဲ့ နိုင်ငံဝန်ထမ်း ၃,၀၃၀ ဦးရှိကြောင်း သိရပါတယ်။ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းနိုင်မှုနှင့် ပြန်လည်ပေးသွင်းနိုင်မှုအနေနဲ့ ကျပ်ငွေ ၂၇.၃၃ ဘီလီယံကျော်နှင့် ကာကွယ်နိုင်မှု ၁၅၆ ဘီလီယံကျော်အထိရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၁,၂၁၇ စောင်တိုင်ကြားမှုရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)