“ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာသစ် ၅၂ ဦးတွေ့ရှိ”
17 Jun
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၅၂ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဇွန်လ ၁၆ ရက်ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၈ ရက်ည ၈ နာရီမှ ဇွန်လ ၁၅ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ၂,၂၈၅ ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၅၂ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကာ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ရောဂါကြောင့် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးနေရတဲ့ လူနာနှင့်သေဆုံးသူမရှိဘူးလို့ သိရပါ တယ်။ လတ်တလောအချိန်မှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးခဲ့ပါတယ်။ ထို့အတူ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားသော အသက်အရွယ် ကြီးသူများ၊ အသက် ၆၀ နှစ်နှင့်အထက် ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်တို့အား ဦးစားပေးအစီအစဥ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးထိုးနှံကြရန်လည်း အသိပေးထားပါတယ်။ (NVS 004)