“ဒုတိယအကြိမ်ကျင်းပတဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား၊ကျောင်းသူ ၆၂,၈၀၀ကျော်ဝင်ရောက်ဖြေဆိုခဲ့”
17 Jun
မီးဘေးသင့်အဖြေလွှာများအတွက် ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမယ့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများမှာ သတ်မှတ်ထားတဲ့ ဇွန်လ ၁၆ ရက်တွင် စတင်ကျင်းပခဲ့ရာ မြန်မာစာဘာသာရပ်ကို ဝင်ရောက် ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၆၂,၈၂၄ ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒုတိယအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူ ၆၃,၆၇၃ ဦးရှိသည့်အနက် ၆၂,၈၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့သဖြင့် ၈၄၉ ဦးပျက်ကွက်ခဲ့ပြီး ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများဖြေဆိုနိုင်ရန် ဧပြီလ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားတဲ့ မြို့နယ်များရှိ ကျောင်းများမှာ လေ့ကျင့်သင်ကြားရေးစခန်း(Camp)များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး စာမေးပွဲပြန်လည်ကျင်းပမည့်ရက်ကို ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ သတ်မှတ် ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။ (NVS 004)