“ဧရာဝတီတိုင်းဒေသကြီးမှာ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်း ၂၀ ခု ဖွင့်လှစ်မည်”

17 Jun

ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းသင်တန်း ၂၀ ခု ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းကို ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်က စတင်ဖော်ဆောင်ခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ အဆိုပါစီမံကိန်းများမှ ဖွင့်လှစ်ပေးခဲ့သောသင်တန်းများတွင် တက်ရောက်ခဲ့ကြသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နေလျက်ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာလည်း ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းသင်တန်း ၂၀ ခုကို သင်တန်းတစ်ခုလျှင် ဘဏ္ဍာငွေကျပ် သိန်း ၁၀၀ ဖြင့် ကျေးရွာပေါင်း ၂ဝ မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဖွင့်လှစ်ပို့ချမည့်သင်တန်းများမှာ စက်ချုပ်သင်တန်း၊ စားသောက်ကုန် ထုတ်လုပ် နည်းသင်တန်း၊ လူသုံးကုန် ထုတ်လုပ်နည်းသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ဂဟေဆက်သင်တန်း၊ တစ်လုံးထိုး အင်ဂျင်ပြုပြင်နည်းသင်တန်း စတဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများပါဝင်ပြီး ကျေးရွာများက ဆန္ဒပြုသည့် ဒေသနှင့်ကိုက်ညီသော သင်တန်းများကို ဦးစားပေးဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးစီးပါက တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် ထူးချွန်သော သင်တန်းသား/သင်တန်းသူများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးရွာများမှ ကော်မတီဝင်များက ပူးပေါင်း၍ စိစစ်ရွေးချယ်ပြီး သက်ဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးအပ်ကာ လုပ်ငန်းများစတင်လုပ်ကိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း အပြင် အသေးစားစက်မှု လက်မှု လုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဘေးဥပဒ်ကင်းရှင်းစေရန် ဓာတ်ခွဲစမ်းသပ်ပေး ခြင်းစတဲ့ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

17 Jun

ADVERTISE HERE .