“အမေရိကန်၏ ဝေဟင်ဆီဖြည့်လေယာဉ်အစင်း ၃၀ ကျော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိလာ”
17 Jun
အမေရိကန်နိုင်ငံမှ ဝေဟင်ဆီဖြည့်လေယာဉ်အစင်း ၃၀ ကျော်သည် အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ် ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Military Watch မဂ္ဂဇင်းက ဇွန်လ ၁၆ ရက်တွင် ဖော်ပြထားသည်။ အမေရိကန်က ယခုကဲ့သို့ ဝေဟင်ဆီဖြည့်လေယာဉ် အစင်းရေအများအပြားကို စေလွှတ်ခြင်းသည် ထူးခြားသည့်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်ကြောင့် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်၏ နက်ရှိုင်းစွာပါဝင်မှုရှိလာနိုင်သည်ကို ဖော်ပြနေကြောင်း ထိုမဂ္ဂဇင်းက သုံးသပ်ဖော်ပြထားသည်။ အစ္စရေး-အီရန်ပဋိပက္ခအတွင်း အမေရိကန်နိုင်ငံ၏အကျိုးစီးပွားများကို ထိခိုက်လာပါက ထိုပဋိပက္ခတွင် အမေရိကန် က တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က သတိပေးထားသည်။ လေကြောင်းပျံသန်းမှုစောင့်ကြည့်ရေး ဆိုင်ရာအချက်အလက်များအရ အမေရိကန်မှ C-135 နှင့် KC-46 ဝေဟင်ဆီဖြည့်လေယာဉ်များသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုလေယာဉ်များသည် အစ္စရေးလေတပ်ကို ကူညီရန် သို့မဟုတ် ထိုပဋိပက္ခတွင်အမေရိကန် ပါဝင်လာပါက ၎င်းတို့၏တိုက်လေယာဉ်များ နှင့် ဗုံးကြဲလေယာဉ်များအတွက် အကူအညီရစေရန်ဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်းက ခန့်မှန်းထားသည်။ တစ်ချိန်တည်းမှာပင် လက်ရှိဖြစ်ပွားနေသော အစ္စရေး-အီရန်ပဋိပက္ခ၌ အမေရိကန်က ထောက်လှမ်းရေး သတင်းများ၊ ဂြိုဟ်တုမှပစ်မှတ်ရှာဖွေမှု အချက်အလက်များနှင့်ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးနေစဉ် အနောက် နိုင်ငံအချို့မှ ဆီဖြည့်လေယာဉ်များက အစ္စရေးကို ကူညီပေးနေကြောင်း သိရသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။