“ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ပြဿနာဖြေရှင်းရေး ကမ္ဘောဒီးယားအစိုးရက အပြည်ပြည်ဆိုင်ရာတရားရုံး၏ အကူအညီ ကို တောင်းခံ”
16 Jun
ထိုင်းနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော နယ်စပ်ရေးရာပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက အပြည်ပြည်ဆိုင်ရာတရားရုံး၏အကူအညီကိုတောင်းခံထားကြောင်းသိရသည်။ မေလ ၂၈ ရက်တွင် တြိဂံဒေသ၌ဖြစ်ပွားသော ထိုင်းတပ်မတော်နှင့်ကမ္ဘောဒီးယားတပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သည် တစ်ဦးသေဆုံးပြီးနောက် နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးရေး နည်းလမ်းများဖြင့် ပြဿနာကိုဖြေရှင်းရန်ကြိုးပမ်းနေသော်လည်း တင်းမာမှုများမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါပြဿနာကိုဖြေရှင်းပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးက ကူညီပေးရန် တရားဝင်စာဖြင့် တောင်းဆိုထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်က ဇွန်လ ၁၅ ရက်တွင်ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ရေးရာပြဿနာနှင့်ပတ်သက်၍ တရားမျှတမှုနှင့် ရှင်းလင်းမှုတို့ လိုအပ်သည့် အပြင် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ထိုကဲ့သို့သော ပြဿနာမျိုးကို ဆက်လက်ကြုံတွေ့ရစေခြင်း မရှိစေရန် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ငြိမ်းချမ်းရေးတို့ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဟွန်မာနတ် က လူမှုကွန်ရက်တွင် ပြောကြားထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။