"အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ၄၅ ရာခိုင်နှုန်းခန့်ပြီးစီး"
16 Jun
နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၃၄ ဒသမ ၄ သန်းထုတ်လုပ်နိုင်မယ့် အထက် ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံစီမံကိန်းမှာ ၄၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကနေ သိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်မှာတည်ဆောက်နေတဲ့ စီမံကိန်းမှာ စက်တပ်ဆင်အား ၂၀ ဒသမ ၄ မဂ္ဂါဝပ်နဲ့ ၁၀ မဂ္ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံပါဝင်ပါတယ်။ အဆိုပါ စီမံကိန်းပြီးစီးသွားပါက နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေနဲ့ အမှတ်(၁) စက်ရုံကနေ ကီလိုဝပ် နာရီ သန်းပေါင်း ၉၀ ဒသမ ၁ သန်း၊ အမှတ်(၂) စက်ရုံကနေ ၄၄ ဒသမ ၃ သန်း၊ စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၁၃၄ ဒသမ ၄ သန်းထုတ်လုပ်နိုင်မှာဖြစ်ပြီး နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်နဲ့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားတွေ ပို့လွှတ်ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဉာဏ်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နဲ့ တာဝန်ရှိသူတွေက ဇွန်လ ၁၄ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)