(၂၄)ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲတွင် ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်

15 Jun

(၂၄)ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ (24" INDIA INTERNATIONAL MEGA TRADE FAIR)တွင် ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာမှဖိတ်ခေါ်ထားကြောင်း မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ ယင်းကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် G.S Marketing Associates တို့ပူးပေါင်း၍ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ သိပ္ပံမြို့တော်(Science City)၌ ဒီဇင်ဘာလ ၅ ရက်မှ ၂၅ ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်။ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအတွက် ပြခန်းငှားခများကို အထူး ဈေးနှုန်းနဲ့ လျှော့ချပေးမှာဖြစ်ပါတယ်။ ပါဝင်ပြသမည့်လုပ်ငန်းရှင်တွေ သွားလာရေးအဆင်ပြေလွယ်ကူစေရန် ကုန်စည်ပြပွဲ အနီးပတ်ဝန်းကျင်မှာ တည်းခိုနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ၎င်းပြပွဲတွင် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ အထည်အလိပ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် စက်ပစ္စည်း များ စသည့် ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံပေါင်း ၁၈ နိုင်ငံခန့်မှ ကုမ္ပဏီ၊ လုပ်ငန်းများက ပြခန်းများဖွင့်လှစ်ကာ ပါဝင်ပြသ သွားမှာဖြစ်ပါတယ်။ အဆိုပါ(၂၄)ကြိမ်မြောက် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲ (24 INDIA INTERNATIONAL MEGA TRADE FAIR)တွင် ပါဝင်ပြသလိုသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇-၄၀၈၆၂၃ နှင့် အီးမေးလ်- event.td.myantrade@gmail. com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

15 Jun

ADVERTISE HERE .