ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

15 Jun

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတို့တွင် ဇွန်လ ၁၄ ရက်ထိသေဆုံးသူ ၃,၇၅၂ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၄ ဦးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများ အတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၃၁ ဦးကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ငလျင်ဘေးသင့်ပြည်သူများသို့ ပြည်တွင်းရှိ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသလို ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူ ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီမှ ဇွန် ၁၄ ရက် ညနေ ၅ နာရီအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်ကာပူနိုင်ငံ Lotus Light Charity Society က လှူဒါန်းသည့် အသင့်စား ခေါက်ဆွဲခြောက်၊ Buddha Dhamma Mandala Society နှင့် Love and Care Charity Group တို့က လှူဒါန်းသည့် Sleeping Bag နှင့် ယာယီမိုးကာတဲ အလေးချိန် သုည ဒသမ ၁၅၂ တန် ထပ်မံရောက်ရှိခဲ့ပါတယ်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ငလျင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

15 Jun

ADVERTISE HERE .