အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်
15 Jun
အီရန်တပ်မတော်သည် အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြထားသည်။ အစ္စရေးလေတပ်စခန်းများနှင့် အခြားစစ်ဘက်နေရာများကို အီရန်က ဇွန်လ ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။ တဲလ်အဗီးမြို့ပေါ်နှင့် ဆင်ခြေဖုံးများတွင် တိုက်ခိုက်မှုများကြောင့် တစ်ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိကြောင်း အစ္စရေးမီဒီယာက ဖော်ပြသည်။ သို့သော် အီရန်သည် ဒုံးကျည် ၁၀၀ အောက်သာ ပစ်လွှတ်ခဲ့ကြောင်း၊ အများစုကို အစ္စရေးတပ်မတော်က ပစ်မှတ်များမရောက်မီ ကြားဖြတ်ပစ်ချဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားသည်။ အစ္စရေးသည် ဇွန်လ ၁၃ ရက်က အီရန်ရှိ နျူကလီးယားစက်ရုံများအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၈ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများကဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကို အီရန်က လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်။ နျူကလီးယားစက်ရုံအတွင်း ရေဒီယိုသတ္တိများရှိနိုင်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ သော်လည်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ အရာရှိများက စက်ရုံပြင်ပ၌ ရေဒီယိုသတ္တိကြွမှု အဆင့်များ မြင့်တက်မလာကြောင်း ပြောကြားသည်။ သို့သော်လည်း အခြေအနေကို ဆက်လက်စောင့်ကြည့် သွားမည်ဟုသိရသည်။ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရိုစီ က လူနှင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်စေနိုင်သဖြင့် မည်သည့်အခြေအနေတွင်မဆို နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုမပြုလုပ်သင့်ကြောင်း ပြောကြားထားသည်။ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ က အစ္စရေးကစတင်ခဲ့သည့် တိုက်ခိုက်မှုများကို ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး လက်စားချေသွားမည်ဟု တုံ့ပြန်ထားသည်။