နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ဧက ၉,၉၆၀ ထိ စိုက်ပျိုးပြီးစီး

14 Jun

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ် ပြောင်းနှင့် ဖူးစားပြောင်းဧက ၉,၉၆၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ၁၉,၀၁၆ ဧက၊ ဖူးစားပြောင်း ၄,၇၂၅ ဧက စုစုပေါင်း ၂၃,၇၄၁ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ်မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ အစေ့ထုတ်ပြောင်း ၆,၂၀၈ ဧက၊ ဖူးစားပြောင်း ၃,၇၅၂ ဧက စုစုပေါင်း ၉၉၆၀ ဧက စိုက်ပျိုးပြီးစီးခဲ့တာဖြစ်ပါတယ်။ လျာထားဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရန်၊ ပြောင်းသီးနှံများ ဖြစ်ထွန်းအောင်မြင်ရန်၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ယခုနှစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းများကို မြို့နယ်အလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် လေရှီးမြို့နယ်တွင် အစေ့ထုတ်ပြောင်း ၇၅ ဧက၊ ဖူးစားပြောင်း ၅၆၇ ဧက၊ ဆွမ္မရာမြို့နယ်တွင် ဖူးစားပြောင်း ၄၅ ဧက၊ လဟယ်မြို့နယ်တွင် အစေ့ထုတ်ပြောင်း ၄,၂၈၇ ဧက၊ ဖူးစားပြောင်း ၁၈ ဧက၊ ထန်ပါခွေမြို့နယ်တွင် အစေ့ထုတ်ပြောင်း ၆၁၁ ဧက၊ ဖူးစားပြောင်း ရှစ်ဧက၊ နန်းယွန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဧက ၇၁၀၊ ဖူးစားပြောင်း ၃၇၅ ဧက၊ ဒုံဟီးမြို့နယ်တွင် အစေ့ထုတ်ပြောင်း ၃၂၇ ဧက၊ ဖူးစားပြောင်း ၂,၅၁၆ ဧက၊ ပန်ဆောင်မြို့နယ်တွင် ဖူးစားပြောင်း ၁၉၈ ဧက၊ ဖူးစားပြောင်း ၂၂၃ ဧကတို့ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှု ဖူလုံစေရုံမျှမက ပိုလျှံမှုကိုရောင်းချနိုင်ပြီး ဝင်ငွေတိုးတက်ရရှိနိုင်မှာဖြစ်ပါတယ်။(NVS 004)

14 Jun

ADVERTISE HERE .