ရေချပွဲ၌ပျက်စီးခဲ့သော တန် ၅၀၀၀ စစ်သင်္ဘောသစ်ကို မြောက်ကိုရီးယား ပြန်လည်ရေချမှုအောင်မြင်
14 Jun
ပြီးခဲ့သည့်လက ကျင်းပခဲ့သောရေချပွဲ၌ ပျက်စီးခဲ့ရသော တန် ၅၀၀၀ စစ်သင်္ဘောကို မြောက်ကိုရီးယား နိုင်ငံက ဇွန်လ ၁၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ရေချခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။ ကန်ကွန်းဟူ၍ အမည်ပေးထားသော အဆိုပါစစ်သင်္ဘောသစ်ရေချပွဲကို ရာဂျင်းသင်္ဘောကျင်း၌ ကျင်းပခဲ့ရာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက သတင်း ထုတ်ပြန်ထားသည်။ ရေချပွဲမတော်တဆမှုဖြစ်ပွားခဲ့ပြီး ရက်သတ္တနှစ်ပတ်တာကာလအတွင်း မိမိတို့အနေဖြင့် ပျက်စီးခဲ့သော စစ်သင်္ဘောကို ပြန်လည်ပြုပြင်ထိန်းသိမ်း၍ အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း ကင်ဂျုံအန် က စစ်သင်္ဘောသစ် ရေချပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်မေလအတွင်း ကန်ကွန်းစစ်သင်္ဘောသစ်ကို ချောင်ဂျင်းမြို့ သင်္ဘောကျင်း၌ ရေချခဲ့ရာ မတော်တဆမှုတစ်ရပ်ကြောင့် ရေချမှုမအောင်မြင်ခဲ့ဘဲ သင်္ဘောဝမ်းဗိုက်ပိုင်း ပျက်စီးခဲ့ ရသည်။ ယင်းဖြစ်စဉ်အတွက် မြောက်ကိုရီးယားအစိုးရက တာဝန်ရှိသူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် လာမည့်နှစ်အတွင်း တန် ၅၀၀၀ စစ်သင်္ဘောသစ်နှစ်စီး ထပ်မံ တည်ဆောက်ရေး အစီအစဉ်ကိုလည်း အတည်ပြုထားကြောင်း သိရသည်။